International News

ဂျာမနီနိုင်ငံက ကနေဒါနိုင်ငံမှ ဟိုက်ဒရိုဂျင်စွမ်းအင် တင်သွင်းမည့် အစီအစဉ်

Last Updated:

ဂျာမနီနိုင်ငံသည် ကနေဒါနိုင်ငံမှ ဟိုက်ဒရိုဂျင်စွမ်းအင် (green hydrogen) တင်သွင်းရန်အစီအစဉ်အတွက် ၂၃-၈-၂၀၂၂ ရက်နေ့တွင် ဂျာမန်ဝန်ကြီး ချုပ် Mr. Olaf Scholz နှင့် ကနေဒါနိုင်ငံဝန်ကြီးချုပ် Mr. Justin Trudeau တို့ ကနေဒါနိုင်ငံရှိ green hydrogen စက်ရုံတည်ဆောက်မည့် Newfoundland ဒေသတွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ ဂျာမနီနိုင်ငံရှိ စွမ်းအင်ကုမ္ပဏီများကလည်း ယင်းသို့တင်သွင်းရန် သဘောတူခဲ့ကြ သည်။ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးသည် လက်မှတ်ရေးထိုးသည့်နေ့ အစောပိုင်းက Toronto မြို့တွင် စီးပွားရေးဆိုင်ရာ ညီလာခံကိုလည်း တက်ရောက် ခဲ့ကြပြီး ရှေ့ဆက်၍ ကနေဒါနိုင်ငံမှ liquefied natural gas (LNG) ဝယ်ယူတင်သွင်းရန်ကိုလည်း ဆက်လက်ဆွေးနွေးရန် အစီအစဉ်ရှိပါသည်။ ဂျာမနီ နိုင်ငံသည် ရုရှားနိုင်ငံမှ လောင်စာစွမ်းအင်တင်သွင်းရမှုကို လျော့ချရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပြီး ကနေဒါနိုင်ငံမှ green hydrogen တင်သွင်းမှု သည် ၃ နှစ်အတွင်း စတင်နိုင်ဖွယ်ရှိပါသည်။

ဂျာမန်ဝန်ကြီးချုပ်က ကနေဒါနိုင်ငံသည်  ရေရှည်တည်တံ့သော စွမ်းအင်ပိုင်းဆောင်ရွက်နိုင်မှု အားကောင်းသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ green hydrogen ထုတ်လုပ်မှုအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြောင်း၊ စီးပွားရေးပူးပေါင်းမှုတစ်ခုတည်းမဟုတ်ဘဲ ရေရှည်တည်တံ့သော စွမ်းအင်ရရှိရေးအတွက် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုပါသည်။ ကနေဒါနိုင်ငံဝန်ကြီးချုပ်က မိမိတို့အနေဖြင့် ဂျာမနီနိုင်ငံ နှင့် ဥရောပနိုင်ငံသားများအားလုံးအတွက် လာမည့်ဆောင်းရာသီကာလ တွေ့ကြုံရနိုင်သည့် စိန်ခေါ်မှုများအတွက် ဖြစ်နိုင်သမျှကူညီဆောင်ရွက်ပေးရန် နည်းလမ်းများရှာဖွေဆောင်ရွက်လျှက်ရှိကြောင်း ပြောကြားပါသည်။ ဂျာမန်စွမ်းအင်ကုမ္ပဏီများဖြစ်သည့် Eon နှင့် Uniper တို့သည် ကနေဒါနိုင်ငံ Everwind ကုမ္ပဏီနှင့် ဟိုက်ဒရိုဂျင်စွမ်းအင်အမြောက်အမြားကို ၂၀၂၅ ခုနှစ်မှစတင်၍တင်သွင်းရန် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုး ခဲ့ကြပါသည်။

ကနေဒါနိုင်ငံအနေဖြင့် လက်ရှိအခြေအနေတွင် LNG နှင့် hydrogen ထုတ်လုပ်နိုင်မှုတို့အတွက် အချိန်ယူဆောင်ရွက်ရဦးမည်ဖြစ်ပြီး အခြေခံအားဖြင့် hydrogen သည် ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓါတ်ငွေ့များသုံးစွဲမှုကို အစားထိုးနိုင်သည့် အင်အားကြီးမားသည့် စွမ်းအင်တစ်ခုဖြစ်ကာ တွင်းထွက်လောင်စာစွမ်းအင်များထက်လည်း ဈေးနှုန်းမြင့်မားမှုရှိပါသည်။ ကနေဒါနိုင်ငံသည် လေထုအင်အားကောင်းသည့် Newfoundland ဒေသကို green hydrogen စက်ရုံတည်ဆောက်မည့်နေရာအဖြစ် သတ်မှတ်ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source:https://www.dw.com/en/germany-and-canada-sign-hydrogen-deal/a-62899992

 

Category: International News